ကော့မှူးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကော့မှူး ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဖြင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟတို့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့်လည်း ယခုကဲ့သို့နောင်တွင်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ လုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သောကြောင့် လုပ်ငန်းများ အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ လျှပ်စစ်၊ ရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကိစ္စရပ်များအား အသေးစိတ်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ‌ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (​ကော့မှူး) ဦးကျော်ဇင်ဟိန်း၊ တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ်(အင်းစိန်) ဦးဝင်းထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)