အင်းစိန်မြို့နယ်၌ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေး

ရန်ကုန် ဧပြီ ၂၂

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်ရုံးမှ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဧပြီလ (၂၁) ရက်နေ့က အင်းစိန်မြို့နယ်ရှိ ရွှေပြည်သာ စက်မှုဇုန် (၄) မှ Heng An Luggage Industry Co.,Ltd အိတ်ချုပ်စက်ရုံနှင့် Kamra Manufacturing (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံတို့တွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် အင်းစိန်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးနှင့် ဦးစီးအရာရှိ (အလုပ်သမားဥပဒေစစ်ဆေးရေး) ဒေါ်သိမ့်သိမ့်စိုးတို့က စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရေးနှင့် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရေးတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးခြင်းဖြင့်လည်း အလုပ်ရှင်နှင့်အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုမြင့်မားကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)