ကျောက်ပန်းတောင်းမြို့နယ် ပင်းချောင်းလွင်ပြင်ဒေသတွင် ဆောင်းကြက်သွန်များ စတင်စိုက်ပျိုး

ကျောက်ပန်းတောင်း ဇန်နဝါရီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဆုံး၊ ကျွဲကူး၊ ဥယျာဉ်နှင့် မလွှကုန်း အစရှိသည့် ပင်းချောင်းလွင်ပြင် ကျေးရွာများတွင် ဆောင်းကြက်သွန်များစတင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာအုပ်စု ကျေးရွာများသည် ပင်းချောင်းလွင်ပြင်တွင် ကြက်သွန်စိုက်ပျိုး ခြင်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာ နှစ်စဉ် ကြက်သွန်စိုက်ပျိုးချိန်တွင် ကျေးရွာများရှိ ရပ်မိရပ်ဖများနှင့် ကျေးရွာ တာဝန်ရှိသူများက  အိမ်ထောင်စုအလိုက် လုပ်ကွက် (ကြက်သွန်တာ)များ သတ်မှတ်ချထားပေးသည်။ အချို့မှာ ရရှိသည့်တာများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများရှိသလို၊ လူအားငွေအား မတတ်နိုင်သဖြင့် ပြန်လည်ရောင်းချပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင်  လက်ခစားဖြင့် ပြန်လည်လုပ်ကိုင်ကြသူများရှိသည်။ ဆောင်းကြက်သွန် စိုက်ပျိုးရာ တွင် ရေဆုံး ကျေးရွာတစ်ရွာတည်းမှာပင် တာပေါင်း(၃၄၀) ဧကအားဖြင့်(၅၀)ကျော် စိုက်ပျိုးပြီး ကြက်သွန်ပိသာချိန် (၂၅၀၀၀၀)ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။

“ မနှစ်ကတော့ ကြက်သွန်းအထွက်လည်းကောင်းသလို ဈေးကောင်းလည်းရခဲ့တယ်ဗျ…။အမြင့်ဆုံးဈေး ၈၀၀ကျပ်အထိ ရောင်းချခဲ့ရပါတယ်။ ဒါပေမဲ့ အိတ်စပို့ကလည်းမရှိ ကိုဗစ်နဲ့ဘာနဲ့ အလှူအတန်းတွေမလုပ်ရဘူးဗျာ။  အဲဒီတော့  ပြည်တွင်းအသုံးကလည်းမရှိဆိုတော့ ဈေးက တဖြေးဖြေးကျလာတာ အခုဆို ကြက်သွန်အဟောင်း တစ်ပိသာ  ၂၀၀/၂၅၀ ကျပ်လောက်ပဲရတယ်။ အသစ်ဈေးတောင် အခု တစ်ပိသာ ၃၅၀ ပဲရတယ် ။ တကယ်တော့ ကျွန်တော်တို့ ကြက်သွန်သမားတွေက အရင်းအနှီးက မသေးဘူးဗျ။ တာတစ်တာကို ဒသမ ၅၀ ရှိတယ်…တစ်ဧကစိုက်မယ်ဆိုရင် အနည်းဆုံး ကုန်ကျစရိတ်က ပျိုးထောင်စရိတ် ၂၅၀၀၀ နဲ့ ကြက်သွန်ဖော်တဲ့အထိဆိုရင် အားလုံးပေါင်း၂၈၇၀၀၀ ကျော် ၃ သိန်းလောက်ကျတယ်ဗျ..။ မြေပြင် ဘောင်တင်လုပ်တာတောင်မှ စက်ငှားပြီးလုပ်ရတာ တစ်နာရီကို ၂သောင်းနဲ့ တစ်နေကုန် ၅ နာရီစာကို တစ်သိန်းကျနေပြီလေ…ဒီတော့ ကြက်သွန်ပေါ်ချိန်ဆိုရင် အနည်းဆုံး တစ်ပိသာကို ၆၀၀ ကျပ်လောက်နဲ့ စရောင်း ရမှ အရင်းကြေရုံပဲရှိတာ။ ဒီပုံစံအတိုင်းဆိုရင် စိုက်ချိန်ကျလို့သာ စိုက်ရမှာ ဈေးက ဘယ်လိုလာမယ် မသိပါဘူးဗျာ” ဟု ကြက်သွန်စိုက်တောင်သူလည်းဖြစ်၊ ဝယ်/ရောင်းလုပ်ငန်းလည်းလုပ်ကိုင်သူ ဦးကျော်ဝင်းက ပြောသည်။ ဆောင်းကြက်သွန် မှာ ပျိုးသက်မှ နုတ်သိမ်းချိန်အထိ လေးလခွဲ(၁၃၅)ရက်သာကြာမြင့်ကြောင်းသိရပြီး၊ ရေဆုံးကျေးရွာ တစ်အုပ်စုလုံးရှိမလွှကုန်း၊ စီပင်၊ ရှားတောစု၊ ဥယာဉ်၊ ကျွဲကူးကျေးရွာများအပါအဝင် စုစုပေါင်း ဧက(၂၀၀)ကျော် စိုက်ပျိုးသည်။ အဆိုပါဒေသမှ ကြက်သွန်ပိသာချိန်(၁၀)သိန်းကျော် ထွက်ရှိကြောင်း သိရပြီး၊ ယခုအခါ ပင်းချောင်းလွင်ပြင်တစ်ခုလုံး ကြက်သွန်စိုက်လုပ်သားများ၊ ဘောင်တင်နေသည့် လယ်ထွန်စက်သံများဖြင့် သက်ဝင်လှုပ်ရှား လျက်ရှိနေကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)