မြစ်ကြီးနား ဧပြီ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိကလျှပ်စစ်ဓာတ်အားပေးလျက်ရှိသော ချီဖွေငယ်ရေအား လျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့်ကာလအတွင်း ပြည်သူများ ရေ၊ မီးအခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး စက်သုံးဆီများ လှူဒါန်းပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ဘာသာရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေစဉ်ကာလအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိမှုနှင့် သောက်သုံးရေ၊ ချိုးရေ ရရှိစေရေး အဆင်ပြေစေရေး စီမံဆောင်ရွက်ပေးထားခဲ့ပါကြောင်း၊ ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့အရန်ဆီဖြင့် အုပ်ချုပ်မှုယန္တရားတစ်ခုလုံး လုပ်ငန်းအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် စက်သုံးဆီကို သက်သာသော ရည်ညွှန်းဈေးနှုန်းနှင့် ဌာနဆိုင်ရာများ တပ်ရင်းတပ်ဖွဲ့များနှင့် အသင်းအဖွဲ့များ၏ စက်သုံးဆီအခက်အခဲနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့ များအား လိုအပ်သော သောက်ရေ၊ သုံးရေနှင့် လျှပ်စစ်မီးရရှိရေးအတွက် စက်သုံးဆီများအား တတ်နိုင်သမျှ အခမဲ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်မီးရရှိရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ ရေရှိရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ စက်သုံးဆီဝယ်ယူရရှိရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်တို့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လျှပ်စစ်မီးယာယီပြတ် တောက်ချိန်ကာလအတွင်း ပြည်သူများ လျှပ်စစ်မီးအားသွင်းနိုင်ရေး၊ သုံးရေ၊ ချိုးရေ အခက်အခဲဖြစ် ပေါ်မှုလျော့နည်းစေရေးနှင့် ရေပေးဝေရေး၊ မီးပေးဝေရေးတို့အတွက် စက်သုံးဆီ ဖူလုံမှုရှိရေး၊ သက်သာသော နှုန်းထားဖြင့် ဝယ်ယူရရှိရေး စီစဉ်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို သက်ဆိုင်ရာ ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့် ရက်သတ္တပတ် (၂)ပတ်ခန့်ကာလအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ အပါး(၃၀)နှင့်အထက် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း (၂၂)ကျောင်းတို့အတွက် စက်သုံးဆီ (၂၂)ပေပါကို လည်းကောင်း၊ ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ကက်သလစ် အသင်းတော်၊ အင်္ဂလိကန်အသင်းတော် စသည့် ခရစ်ယာန်အသင်းတော် (၁၂)ဖွဲ့တို့အတွက် စက်သုံးဆီ (၂၂) ပေပါကိုလည်းကောင်း၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ၊ ဆစ်ခ်ဘာသာများနှင့် တရုတ် ဘုံကျောင်း စသည့် ဘာသာရေးအဖွဲ့အစည်း များ(၇)ခုတို့အတွက် (၂၂)ပေပါ စုစုပေါင်းဘာသာရေးအဖွဲ့အစည်း (၄၁)ခုတို့အတွက် စက်သုံးဆီ ပေပါပေါင်း (၆၆)ပေပါအား ထုတ်ယူနိုင်ရေးအတွက် လက်မှတ်များကို လှူဒါန်းပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေးအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အသင်းတော်အလိုက် ပြည်သူများအား အဆင်ပြေစေရေး စီမံဆောင်ရွက်ပေးနိုင်ပါရန်နှင့် လိုအပ်သည်များရှိပါက အကူအညီတောင်းဆိုနိုင်ပါကြောင်းနှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်း ယာယီတိမ်းရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာကြသည့် ဝိုင်းမော်မြို့ အမှတ်(၁)ရပ်ကွက်၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း၊ ခတ်ချိုကျေးရွာရှိ စခန်း (၅)ခု၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ မျိုးရှယာယီတိမ်းရှောင်စခန်းနှင့် ဆွေမျိုးများနေအိမ်ခြံဝင်းတို့အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၄၈၅)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၈) ပြည်နှုန်းဖြင့် စုစုပေါင်း ဆန်(၂၄)ပြည်ပါအိတ် (၁၆၂) အိတ်နှင့် ဆီပိဿာ ၁၆၂ ပိဿာတို့ကို အသီးသီး ထောက်ပံ့ပေးအပ်သည်။
ထို့နောက် အဆိုပါယာယီတိမ်းရှောင်မိသားစုများ ကိုယ်စားစခန်းတာဝန်ခံတစ်ဦးက ကျေးဇူး တင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်း ရှောင်မိသားစုများအတွက် မိုးမကျမီ အမိုး/အကာ/အခင်းတို့ဖြင့် လုံခြုံစွာ နေထိုင်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပြီး မိသားစုများအနေဖြင့်လည်း နေရပ်ပြန်နိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မိမိ တို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ အားလုံးက ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကက်သလစ်အသင်းတော် မြစ်ကြီးနားဘုန်းတော်ကြီးတပိုင် လူငယ်ကော်မတီများက ကြီးမှူးကျင်းပသော မြစ်ကြီးနားဘုန်းတော်ကြီးတပိုင်အတွင်းရှိ လူငယ်များ ၏ ကျား/မ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ပွဲတွင် တတိယအဆင့်ပြိုင်ပွဲအဖြစ် မြို့တွင်းနှင့် ကချင်စု အမျိုးသားဖူဆယ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)