ဆီဆိုင် ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာနနှင့် Asian Development Bank-ADB တို့ ပူးပေါင်း၍ လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် လေ့ကျင့် ပြုစုမွေးထုတ်ရေးစီမံကိန်း (Equipping Youth For Employment Project-EYE) အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက် ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်နှင့် ကျောင်းသား/သူများအိပ်ဆောင် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အဆင့်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးဘဆန်းလှ နှင့် အဖွဲ့ဝင်များ၊ ပန်ကန်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးကော်ခမ်းတို့က EYE Project အစီအစဉ်အရ စုစုပေါင်းကုန် ကျငွေကျပ်(၅၆၀.၄၄၆)သန်းဖြင့် ရတီပြည့်လျှံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အလျား ၁၅၀ ပေ၊ အနံ ၆၀ ပေရှိ စာသင်ခန်း ၄ ခန်း၊ နားနေခန်း ၁ ခန်း၊ စာကြည့်တိုက် ၁ ခန်းနှင့် သိပ္ပံခန်း ၁ ခန်းပါရှိသော စာသင်ကျောင်းဆောင်နှင့် အလျားပေ ၂၀၀၊ အနံ ၉၉ ပေရှိ ဧည့်ခန်း၊ အဆောင်မှူးခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ မသန်စွမ်းရေချိုးခန်း အိမ်သာ(၁)လုံးနှင့် အိပ်ခန်းများပါရှိပြီး ကျောင်းသား(၃၂)ဦးနှင့် ကျောင်းသူ(၃၂)ဦး (ကျား/မ)သီးသန့်စီ ထားနိုင်သော အိပ်ဆောင်တို့ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)