တိုက်ကြီး ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သည့်အတွက် အပူဒဏ်အန္တရာယ်ကြောင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားပါက အရေးပေါ်ကုသပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြင်ဆင်ထားရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းထံမှ သိရသည်။
အပူဒဏ်ကြောင့် လာရောက်ပြသသည့်လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လိုအပ်သောဆေးဝါးများ၊ အောက်ဆီဂျင်စက်များ ပြင်ဆင်ထားရှိပြီး နေပူထဲအလုပ်လုပ်ရသည့်လုပ်သားများ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ပါက အရိပ်ထဲတွင် အနားယူပြီးမှအလုပ်လုပ်ရန်၊ ယခုကာလတွင် အပူချိန်မြင့်မားနေ၍ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ နေပူထဲမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက ရေလုံလောက်စွာသောက်ရန်၊ ဓာတ်ဆားရည်သောက်ရန်၊ အဝတ်အထည်များကို အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ရန်လိုကြောင်းနှင့် အပူဒဏ်ခံစားရသည့် လူနာများ ရောက်ရှိပါက အမြန်ဆုံးရေပက်တိုက်ခြင်း၊ ပန်ကာဖွင့်ပေးခြင်း၊ ရေဓာတ်ခန်းခြောက်ပါက ဓာတ်ဆားရည် တိုက်ကျွေးခြင်းနှင့် အခြားလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)