ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab ယူ စစ်ဆေးရန်ကျန်ရှိသူ (၇၂)ဦး၊ အနံ့မရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသူ(၃)ဦး၊ စုစုပေါင်း(၇၅)ဦးကို Swab နမူနာယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) သို့၊ ဇန်နဝါရီ(၁၄)ရက်နေ့က ပို့ဆောင်စစ်ဆေးခဲ့ရာ (၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေသူ(၂၄၆)ဦးမှ ဒုတိယအကြိမ် Swab နမူနာယူစစ်ဆေးရန် ကျန်ရှိသူ(၇၂)ဦးနှင့် ဆေးရုံမှ အနံ့ပျောက်(၃)ဦးတို့ကို Swab နမူနာယူ စစ်ဆေးခဲ့ရာမှ ကြောင်ဒူးကျေးရွာမှ ရန်ကုန်မှပြန်လာသည့် ကိုရင်(၁)ပါး၊ သစ်ဆပ်ပင်ကျေးရွာမှ ရန်ကုန်ပြန် အမျိုးသမီး(၁)ဦးနှင့် ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူ ပြည်တော်သာရပ်ကွက်မှ မိန်းကလေးငယ်(၁)ဦး၊ သီရိမင်္ဂလာရပ်ကွက်မှ အမျိုးသား(၁)ဦး၊ မြို့မရပ်ကွက်မှ အနံ့ပျောက် သဖြင့် ဆေးရုံတက်ရောက်နေသူ အမျိုးသမီး(၂)ဦး၊ အောင်မင်္ဂလာရပ်ကွက်မှ အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်နေသူ အမျိုးသား(၁)ဦး၊ စုစုပေါင်း(၇)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းပိုး တွေ့လူနာများအနက် Quarantine Center မှ လူနာများကို မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ Quarantine Center မှ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူများကိုလည်းကောင်း၊ ဆေးရုံတက်ရောက်နေသည့် အနံ့ပျောက် ပိုးတွေ့ရှိ သူများနှင့်ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်းကောင်း စုံစမ်းဖော်ထုတ်၍ G.T.I Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်းသိရပြီး၊ ရောဂါပိုးတွေ့ရှိမှုများ နှင့်အနံ့ပျောက်သူများ နေ့စဉ်လိုတွေ့ရှိနေရသဖြင့် မြို့ပေါ်ရှိစားသောက်ဆိုင များနှင့် လဘက်ရည်ဆိုင်များကို ယာယီပိတ်သိမ်းထားရှိပြီး ပဆယ်စနစ်ဖြင့်သာရောင်းချသွားရန်နှင့် မြို့မစည်ပင်သာယာ ဈေးကြီးကိုလည်း ထပ်မံ၍ ရက်သတ္တ(၁)ပတ် ယာယီပိတ်သိမ်းထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)