သင်္ဃန်းကျွန်း ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရွေးကောက်တင်မြှောက်ခြင်းခံရသော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက ပြည်ထောင်စုလွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဌာနဆိုင်ရာများအပါအဝင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက ပြည်ထောင်စုလွှတ်တော်၌ တွေ့ကြုံခဲ့သည့်အတွေ့အကြုံများ၊ ရက် ၁၀၀ စီမံကိန်း၊ ရပ်ကွက်အတွင်း ရေလုံလောက်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ ပညာရေးကိစ္စရပ်များ၊ ၂၀၂၆-၂၀၂၇ တွင် စက်စိုက်မွေးသင်ကြားရေး၊ ပြည်သူ့နီတိနှင့် စာရိတ္တ၊ ဗလငါးတန်တည်ဆောက်ရေး၊ အားကစားကိစ္စရပ်များ၊ မူကြိုကျောင်းများ အဆင့်မြှင့်တင်ရေး၊ ဒုတိယကျန်းမာရေးဦးစီးမှူးများ တိုးမြှင့်ခန့်ထားရေး၊ သူနာပြုကျောင်းများ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ရေး၊ ငလျင်ကြောင့်ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ရေး၊ ဘဏ္ဍာငွေအား ခြိုးခြံချွေတာသုံးစွဲရေး၊ သြဇာအာဏာမသုံးစွဲရေး၊ ဌာနဆိုင်ရာများက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဆက်လက်ပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)