တာချီလိတ် ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ သဘာဝဘေးရေကြီး၊ ရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က သဘာဝဘေးရေကြီး၊ ရေလျှံမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးက လာမည့်မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးသွားရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ ဆည်မြောင်း၊ လမ်းဦးစီး၊ သတ္ထုတူးဖော်ရေးနှင့် ရေအရင်းအမြစ်ဌာနများမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရေလမ်းကြောင်းများရှင်းလင်းရေး၊ ရေစီးဆင်းမှုကောင်းမွန်စေရေးအတွက် မြောင်းများပြုပြင်ထိန်းသိမ်းရေး၊ ရေထိန်းနံရံ၊ ရေထိန်းတံခါးများဆောင်ရွက်ထားရှိမှုနှင့် မြို့တွင်းစီးဆင်းနေသည့် ရေချောင်း၊ ရေမြောင်းများမှ သဲ၊ နှုံး၊ အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာကျေးရွာရပ်ကွက်အလိုက် လိုအပ်ချက်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)