ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလ အခက်အခဲရှိသူများအား We Love Htantabin မှ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလ အခက်အခဲရှိသူများအား We Love Yangon မှ လှူဒါန်းထားရှိသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့(ထန်းတပင်)မှ ပြန်လည်၍ ကူညီ ထောက်ပံ့ ဖြန့်ဝေပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

ပြန်လည်၍ ထောက်ပံ့ဖြန့်ဝေရာတွင်လည်း အိမ်ထောင်စု (၁၅၀)တို့အတွက် ထောက်ပံ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိရာမှ လက်ရှိ အချိန် တွင် အိမ်ထောင်စု(၁၃၀)စုတို့ကို အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေလှူဒါန်းပေးပြီးဖြစ်ကြောင်းလည်း သိရသည်။

လှူဒါန်းရာတွင်လည်း ၂၀၂၀ ခုနှစ် အောက်တိုဘာလပိုင်းက ထန်းတပင်မြိုနယ်အတွင်း အမောက်ဝဲကျေးရွာ၊ ဂွေ့တန်းရှည်ကျေးရွာနှင့် စံချောင်း ကျေးရွာတို့ရှိ အိမ်ထောင်စုတစ်ရာတို့အား ကိုဗစ်-၁၉ ရောဂါကာလ အခြေခံပစ္စည်း ငါးမျိုးတို့ကို ဖြန့်ဝေလှူဒါန်းထားပေးပြီးဖြစ်သလို လက်ရှိအချိန်တွင်လည်း အမှတ်(၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၁၀)စုနှင့် အမှတ်(၃)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု (၂၀)တို့ကို အိမ်ထောင်စု တစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်ထုတ်(၃၀)နှင့် ငါးသေတ္တာ (၁၀)ဘူးတို့ကိုလည်း ဖြန့်ဝေ လှူဒါန်းပေးလျက် ရှိကြောင်း သိရပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စု(၂၀)စုတို့အတွက် ထပ်မံ၍ ဆက်လက်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဘောလည်ကျွန်း၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာရှိ ဘုန်းတော် ကြီးကျောင်း ပြန်လည်ပြုပြင် တည်ဆောက် နိုင်ရေးနှင့် သဘော့ချောင်းကျေးရွာတွင် အများပြည်သူ သုံး ယင်လုံအိမ်သာ(၄)လုံး ဆောက်လုပ်ပေးသွားနိုင်ရေးတို့အတွက်လည်း We Love Htantabin မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)