ပျော်ဘွယ် ဧပြီ ၂၁
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများ အတွေ့အကြုံဗဟုသုတရရှိစေရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့ အကြုံရှင်းလင်းပွဲကို ဧပြီလ ၂၁ ရက် နံနက် ၉ နာရီက ရှမ်းပွဲရပ်ကွက်၊ မြို့နယ်ရာပြည့်သာသနာ့ ဗိမာန်တွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရသည့်အကြောင်းအရာများ၊ ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးအောင်နိုင်ညွန့်နှင့် ဦးဇော်ဝင်း တို့က တိုင်းဒေသကြီး လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲသို့တက်ရောက်လာသည့် ရပ်ကွက်နှင့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရွာမိရွာဖများနှင့်ပြည်သူများတက်ရောက်ခဲ့ကြပြီး မိမိတို့ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ပေးရမည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)