ဒဂုံတောင် ဧပြီ ၂၁
အလုပ်သမား၀န်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုငွေထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် ယခုကဲ့သို့ အလုပ်ခွင် (ပြင်ပ) ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော No. 70/71 Water Pipe Warehouse (Popular) စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်သူရ၏ လုပ်ငန်းခွင်မှအပြန်လမ်းခရီး၌ မတော်တဆ ထိခိုက်ခဲ့မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၁၄,၈၁၂,၅၀၀ (ကျပ်တစ်ရာလေးဆယ့်ရှစ်သိန်းတစ်သောင်းနှစ်ထောင်ငါးရာတိတိ/-) ကို သေဆုံးသူ၏ဖခင်ဖြစ်သူ ဦးဘလှိုင်ထံသို့ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံ၊ အလုပ်ဌာနတာဝန်ရှိသူများနှင့် WCC အဖွဲ့ဝင်များရှေ့တွင် လက်ဝယ်ပေးအပ်ကြောင်း သိရသည်။
ထို့နောက် အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား အလုပ်ဌာနတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
သန်းသန်းအေး(ပြန်/ဆက်)