မုဒုံမြို့ရှိ ရော်ဘာသစ်ခွဲသားစက်ရုံတွင် မီးလောင်မှုဖြစ်ပွား

မုဒုံ ဧပြီ ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းဘေး Hao Yuan ရော်ဘာသစ်ခွဲသားစက်ရုံအတွင်း၌ ယနေ့နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ Hao Yuan အထပ်သားစက်ရုံဝန်ထမ်း (ကားဆီဖြည့်တာဝန်) က ဓာတ်ဆီပေပါများအတွင်းမှ ဓာတ်ဆီများအား ကော်ပုံးအတွင်းသို့ ဆီစုပ်ထုတ်ယူနေစဉ် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဆန်းညွန့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်ရုံဝန်ထမ်းများ ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တို့ဖြင့် မီးငြှိမ်းသတ်ရာ ၉ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် အလျား(၂၀)ပေ၊ အနံ(၃၀) ပေ၊ အမြင့်(၂၀)ပေရှိ သွပ်မိုး၊ ကျောက်ပြားကာ၊ အုတ်ညှပ်ရုံးခန်း(၁)ခန်း အလျား(၄၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၂၀)ပေရှိ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ပစ္စည်းသိုလှောင်ရုံ(၁)ရုံ၊ 92 ဓာတ်ဆီ (၂၅)ဂါလံပါ (၂)ပေပါနှင့်ဒီဇယ်(၂၅)ဂါလံပါ (၂) ပေပါ၊ 700 Kg ရော်ဘာသစ်ပါးလွှာ (၂၀) စည်း၊ တရုတ် နိုင်ငံထုတ် (၆) ဘီးအပြာရောင် မော်တော်ယာဉ် (၁) စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)