ကချင်ပြည်နယ်ဝန်ကြီးချုပ် ပထမရက် ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပထမရက် ၁၀၀ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအား ပြည်သူများအတွက် အကျိုးရှိထိရောက်မည့် Quick Win လုပ်ငန်းများဖြစ်စေရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ရှေးရှုပြီး ပထမရက် ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများကို မဖြစ်မနေ အကောင် အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်၏ လိုအပ်ချက်၊ လုပ်ငန်းဆောင်ရွက်နိုင်မှုပေါ် မူတည်ပြီး ပြည် သူလူထုအတွက် အကျိူးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ယနေ့ တင်ပြသည့်လုပ်ငန်းများနှင့် မြေပြင်ဆောင်ရွက်သည့် လုပ်ငန်းများ ကိုက်ညီမှုရှိစေ ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများ လက်ဝယ်အရောက် ရရှိအောင် အားလုံးက ညီညီညွတ်ညွတ်နှင့် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လာမည့်ရက် ၁၀၀ ကာလအတွင်း သက်ဆိုင်ရာဌာနများအလိုက် ပြည်သူများအတွက် အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည့် Quick Win လုပ်ငန်းစီမံကိန်းများကို ပါဝါပွိုင့်များ အသီးသီးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်ချက်များကို ဖြည့်စွက်သုံးသပ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရက် ၁၀၀ ကာလအတွင်း ဌာနများ အနေဖြင့် အကောင်အထည်ဖော်ရမည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ကြရေး၊ အထူးသဖြင့် ယာယီတိမ်းရှောင်ပြည်သူများ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ လယ်မြေ၊ မြစ် ချောင်းဧရိယာများတွင် ကျုးကျော်နေထိုင်သူများ ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားရေး၊ နိုင်ငံ့စီးပွား မတည်ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေးနှင့် မိမိတို့ မြို့/ရွာ သန့်ရှင်းသာယာလှပရေးကို ရပ်/ကျေးအဆင့်ထိ ပြည်သူများ ပူးပေါင်းပါဝင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ကြရေးနှင့်ဝန်ကြီးများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအားလုံးက ဝိုင်းဝန်းကြိုးစားကြရန် နိဂုံးချုပ်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)