ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၁) ခု ရရှိခဲ့သော မြန်မာနိုင်ငံကိုယ်စားပြု ပြေးခုန်ပစ်အသင်း ပြန်လည်ရောက်ရှိ ကြိုဆို

ရန်ကုန် ဧပြီ ၂၁

စင်ကာပူနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဧပြီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့သော 86th Singapore Open Track & Field Championships 2026 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ပြေးခုန်ပစ်အသင်းသည် Event (၄) ခုတွင် အားကစားသမား (၄) ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခုနှင့် ကြေးတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၄) ခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါအောင်ပွဲရမြန်မာနိုင်ငံကိုယ်စားပြုပြေးခုန်ပစ်အသင်းတွင် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင် ဦးဆောင်ပြီး နည်းပြ ဦးရှိုင်းအောင်နှင့် အားကစားသမား (၄) ဦးတို့သည် ဧပြီ ၁၉ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်က စင်ကာပူနိုင်ငံအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံပြေးခုန်ပစ် နည်းစနစ်ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသာအောင်နှင့်တာဝန်ရှိသူများက ပန်းကုံးများဖြင့် ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်။

ပြိုင်ပွဲများတွင် အမျိုးသားလှံတံပစ် (Javelin Throw) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအားကစားသမား ချစ်မင်းအောင်က ၆၃.၂၂ မီတာဖြင့် တတိယနေရာ (ကြေးတံဆိပ်) ရရှိခဲ့ပြီး စင်ကာပူနိုင်ငံမှ အားကစားသမားက ၆၄.၁၀ မီတာဖြင့် ဒုတိယနေရာ (ငွေတံဆိပ်) ရရှိခဲ့ကာ ပထမနေရာကို တရုတ် (တိုင်ပေ) မှ အားကစားသမားက ၆၈.၃၈ မီတာဖြင့် ရရှိခဲ့သည်။

အမျိုးသား မီတာ (၁၅၀၀) ပြေးပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ အားကစားသမားက ၃:၅၄.၃၄ မိနစ် ဖြင့် ပထမနေရာရရှိခဲ့ပြီး မြန်မာနိုင်ငံမှ ရဲရင့်အောင်က ၃:၅၈.၆၃ မိနစ် ဖြင့် ဒုတိယနေရာ (ငွေတံဆိပ်) ရရှိခဲ့ကာ တတိယနေရာကို စင်ကာပူနိုင်ငံမှ အားကစားသမားက ၄:၀၀.၇၇ မိနစ်ဖြင့် ရရှိခဲ့သည်။

အမျိုးသမီး မီတာ (၁၀,၀၀၀) လမ်း‌လျှေက် (Race Walk) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဇင်မေထက်က ၅၄:၃၂.၆၄ ဖြင့် ပထမနေရာ ရရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။

အမျိုးသား မီတာ (၁၀,၀၀၀) လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နိုင်လင်းထွန်းက ၄၉:၃၉.၁၆ ဖြင့် ဒုတိယနေရာ (ငွေတံဆိပ်) ရရှိခဲ့ကြသည်။

ပြိုင်ပွဲတွင် စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါက်တာဇော်မင်းအောင်မှလည်း လာရောက်တွေ့ဆုံအားပေးခဲ့ပြီး ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)