မိုးညှင်း ဧပြီ ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင်ဖွင့်လှစ်သည့် အခြေခံပညာမူလတန်းဆင့် သင်ဆရာ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်(Main Course) သင်တန်းကို ယမန်နေ့နံနက် (၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်က သင်တန်းအဖွင့် အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အင်္ဂလိပ်စာဘာသာရပ်သည် နိုင်ငံတကာ ဘာသာရေးအတွက် အလွန်အရေးပါသော ဘာသာစကားတစ်ရပ်ဖြစ်ပြီး ပညာရေးကဏ္ဍတွင်လည်း အင်္ဂလိပ်စာကျွမ်းကျင်မှုသည် ဆရာဆရာမများအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်းနှင့် ဆရာဆရာမများအနေဖြင့် အင်္ဂလိပ်စာစွမ်းရည် မြှင့်တင်ရေးအတွက် စွမ်းရည်မြှင့်သင်တန်းများ ပြုလုပ်ပေးရာတွင် အလွန်အရေးပါပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ခရိုင်/မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများက ပုလဲဆောင်တွင် သင်တန်းသား သင်တန်းသူများအား သင်တန်းပို့ချနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိုးညှင်းခရိုင် အခြေခံပညာမူလတန်းအဆင့်သင် ဆရာဆရာမများ အတွက် အင်္ဂလိပ်စာ အရည်အသွေးမြင့်သင်တန်းတွင် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ကြပြီး အင်္ဂလိပ်စာဌာနမှ တွဲဘက်ပါမောက္ခဦးဆောင်၍ Level-1 တက်ရောက်ထားသော အခြေခံပညာမှ နည်းပြဆရာဆရာမ ငါးဦးနှင့်အတူ ဧပြီ(၂၀)ရက်မှ မေ(၂၂)ရက်အထိ တစ်လကြာ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း