မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်လူရည်ချွန်အပန်းဖြေစခန်း လူရည်ချွန် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချမ်းအေးသာစံ  ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်မည့် Grade (9) လူရည်ချွန်အပန်းဖြေစခန်း လူရည်ချွန်လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်ခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ၂၀၂၆ ခုနှစ် Grade(9)၊ Grade(10) ၊ Grade(11)၊ Grade(12)တို့မှ လူရည်ချွန်မောင်မယ် (၄၆၀)ဦးသည် နေပြည်တော်စုရပ်စခန်းသို့ သွားရောက်မည်ဖြစ်ပါကြောင်း၊ အဆိုပါ အဖွဲ့သည် နေပြည်တော်စုရပ်စခန်းမှ ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်မည့် လူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်မည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ Grade(9)လူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိမည့် လူရည်ချွန်(၉၆)ဦးမှာ ဒေသန္တရဗဟုသုတများ ရရှိစေရန် ကြီးကြပ်ဆရာ၊ ဆရာမများနှင့်အတူ လေ့လာရေးခရီးစဉ်များ သွားရောက်ကြရမည်ဖြစ်ပါကြောင်း၊ မန္တလေးစုရပ်ကို အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း၊  ဒေသန္တရဗဟုသုတများရရှိစေရန်နှင့် အပန်းဖြေနေထိုင်နိုင် စေရန်အစီအမံများ ချမှတ်ဆောင်ရွက်ရာတွင် ကဏ္ဍများအလိုက်အဆင်ပြေချောမွေ့စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြင်ဦးလွင်လူရည်ချွန်အပန်းဖြေစခန်း လူရည်ချွန်လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)