ကျောက်မဲ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာလာရောက်ထုတ်ယူကြသည့် ပင်စင်စားဝန်ထမ်းများ၏ လူနေမှုအဆင်ပြေစေရေးနှင့် သက်သာချောင်ချိရေးအတွက်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ကျောက်မဲခရိုင် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဇုန်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ပြင်ပဈေးကွက်တွင် ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ်ခန့် ပေါက်ဈေးရှိသော်လည်း ၄၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် GD Golden Trading Co.,Ltd မှ ကိုယ်စားလှယ်များက ပြင်ပတွင် စားအုန်းဆီတစ်ပိဿာ ၁၂,၅၀၀ ကျပ်ခန့် ရှိချိန်တွင် ၈၃၇၅ ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီးရောင်းချပေးခဲ့သည်။ ယင်းကဲ့သို့ ပြင်ပပေါက်ဈေးထက်များစွာသက်သာစွာ ရောင်းချပေးခြင်းသည် ပင်စင်စားဝန်ထမ်းများအတွက် များစွာအထောက်အကူဖြစ်စေကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချပေးနေမှုနှင့် ပင်စင်လစာထုတ်ပေးနေမှုအခြေအနေများကို ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ကျောက်မဲမြို့တွင် ပင်စင်စားဝန်ထမ်း ၈၀၀ ကျော်ရှိပြီး အဆိုပါ သက်သာချောင်ချိရေးရောင်းချပေးမှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်ကာ လစဉ်ပင်စင်လစာထုတ်ရက်များတွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)