မြောက်ဥက္ကလာပ ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် အဖွဲ့များခွဲ၍ စုံရက်၊ မရက်များအလိုက် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ပုံစံဖြင့် စနစ်တကျ စက်သုံးဆီရောင်းချမှု ရှိ/မရှိ ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်း၊ အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ် သူဇာဝင်း၊ မြောက်ဥက္ကလာမြို့မရဲစခန်းမှ တပ်ကြပ်ကြီး စိုးမြင့်အောင်၊ မြောက်ဥက္ကလာပမြို့နယ်မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးတိုးမြင့်၊ မြို့နယ်စည်ပင်မှ အငယ်တန်းစာရေး ဦးပြည့်ဖြိုးလင်းပါဝင်သောပူးပေါင်းအဖွဲ့က သုဓမ္မာလမ်းမပေါ်ရှိ BOC စက်သုံးဆီဆိုင်မန်နေဂျာ ဦးတင်ဝင်းဇော်နှင့် တွေ့ဆုံကာ စက်သုံးဆီများ စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ ယာဥ်များစနစ်တကျတန်းစီခြင်းရှိ မရှိ၊ ဆီပုံး ပေပါများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ယာဥ်ကြောပိတ်ဆို့မှု ရှိ/မရှိ စစ်ဆေးခဲ့ရာဆီများ စနစ်တကျရောင်းချပေးလျက်ရှိကြောင်း စုံရက်ဖြစ်၍ စုံအက္ခရာယာဥ်များနှင့် ခွင့်ပြုယာဥ်များသာ ဆီရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)