နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစေရေး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခြင်းတောင်းယက်လုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်

ကျောက်ဆည် ဧပြီ ၂၁

နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစေရေး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဧပြီ ၂၁ ရက်နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြင်းတောင်းယက်လုပ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းက အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့်လွယ်ကူပြီး အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်များများရနိုင်သည့် ခြင်းတောင်းယက်လုပ်နည်းပညာ သင်တန်းသင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းမှ သင်ပေးလိုက်သည့်ပညာများဖြင့် မိသားစုအပိုဝင်ငွေရရှိအောင် ကြိုးစားသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် သင်တန်းကို နည်းပြဆရာမဒေါ်အိအိစိုးက ခြင်းတောင်းပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သင်ကြားပြသပေးခဲ့ရာ သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၁ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)