လွိုင်လင် ဧပြီ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီက လွိုင်လင်မြို့ သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပါသည်။
ဦးစွာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် သားကောင်းသမီးမွန်များဖြစ်ပေါ်လာစေရန်၊ ထို့အတူ နည်းပညာခေတ်နှင့်အညီ ကွန်ပျူတာပညာရပ်များကို အခြေခံကျကျသင်ကြားပေးပြီး နောင်တစ်ချိန်ကျွမ်းကျင်ပညာရှင်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းအမှာစကားပြောကြားသည်။ ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားပေးမည့် ပညာရေးဌာနအလယ်တန်းပြဆရာ(ငြိမ်း) ဦးဝင်းသောင်းက သင်တန်းနှင့်ပတ်သက်၍ သင်ကြားပေးမည့်အခြေအနေများ၊ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲအခမ်းအနားကိုရုတ်သိမ်းလိုက်သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးတက်ရောက်ပြီး သင်တန်းကို ယနေ့မှစ၍ ဧပြီလ (၃၀) ရက်နေ့အထိလည်းကောင်း၊ ကွန်ပျူတာအခြေခံသင်တန်းသို့ ကျောင်းသား/ကျောင်းသူ (၃၀) ဦးတက်ရောက်ပြီး သင်တန်းကို ယနေ့မှစ၍ မေလ(၁၅)ရက်နေ့အထိလည်းကောင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး