မိုင်းခုတ်မြို့၌ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

မိုင်းခုတ် ဧပြီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က အမှတ် (၅၈၀) ခြေမြန်တပ်ရင်းမှ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် ဒုတိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်စိုး ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်စုစုပေါင်း လူဦးရေ ၅၀၀ ကျော်က ဂုဏ်ပြုပန်းစီးများ၊ အိုးစည်ဗုံမောင်းများဖြင့် လှိုက်လှဲပျော်ရွှင်စွာ ကြိုဆိုဂုဏ်ပြုသည်။

ဆက်လက်ပြီး ဒုတိုင်းမှူးက ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုကြသည့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များနှင့် မြို့မိ၊ မြို့ဖများအား ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)