တာချီလိတ် ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများက လာမည့်မိုးရာသီတွင် ရေကြီးရေလျှံကာကွယ်နိုင်ရေးအတွက် လွယ်တော်ခမ်းကျေးရွာအနီးရှိ မယ်ဆိုင်ချောင်းအတွင်း သဲနှုန်းများ တူးဖော်နေမှု လုပ်ငန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဟွေနမ့်လင်းရွာအနီးရှိ မြေထိန်းနံရံ ဆောင်ရွက်နေမှု၊ တာလော့ရပ်ကွက်ရှိ ကမ်းနားဟိုတယ်အနီးနှင့် ပြည်သူ့စစ်ဂိတ်အနီးရှိ ကွန်ကရစ်မြေထိန်းနံရံ ဆောင်ရွက်နေမှု၊ မယ်ခေါင်ရပ်ကွက် (၁၂)လမ်းထိပ်ရှိ ရေထိန်းတံခါး ဆောင်ရွက်နေမှု၊ ပုန်းထွန်းရပ်ကွက်ရှိ ဖောင်ဆိပ်နှင့် အလူရာဟိုတယ်အနီး၊ အမှတ် (၂) မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအနီးတို့တွင် ကွန်ကရစ်မြေထိန်းနံရံ၊ ရေထိန်းတံခါးများ ဆောင်ရွက်နေမှု၊ မကာဟိုခမ်းရပ်ကွက်ရှိ နမ့်ယွန်းချောင်းတွင်းနှင့် ရွှေဝါနဒီပန်းခြံအနီးရှိ မယ်ခေါင်ချောင်းတွင်းရှိ သဲ၊ နုန်း၊ အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)