ရန်ကင်းမြို့နယ်၌ မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကင်း ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အထက်အဆင့်ဆင့်မှ လမ်းညွှန်မှာကြားချက်များအား ဒုတိယဦးစီးမှူး ဒေါ်ဧရာနွယ်က ဖတ်ကြားတင်ပြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှစကားပြောကြားရာတွင် နောင်အစည်းအဝေးများတွင် ဌာနအကြီးအကဲကိုယ်တိုင် တက်ရောက်နိုင်ရေး၊ တရားမဝင် ဆီမှောင်ခိုလုပ်ငန်းများ ဖမ်းဆီးအရေးယူနိုင်ရေး၊ အစိုးရကူးပြောင်းကာလတွင် ဌာနအလိုက် လုပ်ငန်းတင်ပြချက်များအား ပါဝါပွိုင့်ပြုလုပ်ထားရန်၊ မီးဘေးလုံခြုံရေး စီမံချက်ပေးပို့ရန် စုံ၊ မ ကားစစ်ဆေးခြင်းလုပ်ငန်းများအား ညွှန်ကြားချက်များနှင့် ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများ ယူနီဖောင်းဝတ်ဆင်ရက် သတ်မှတ်ရန် စသည်ဖြင့် ဆွေးနွေးပါသည်။

ထို့နောက် တက်ရောက်သည့် မြို့နယ်လဝကမှူး ဦးဇော်ဝင်းအောင်က နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေး ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြဆွေးနွေးကြကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)