သုံးခွ ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ပါအကြောင်းအရာများထဲမှ “ပညာကိုမြတ်နိုးတတ်သော” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကမ္ဘာပေါ်မှာ သက်ရှိတွေအကြီးအငယ်အရွယ်အစားအများကြီးရှိပါကြောင်း၊ လူသားက မျိုးဆက်တစ်ခုမှတစ်ခု လက်ဆင့်ကမ်းမျှဝေနိုင်စွမ်းရှိစေတဲ့ အရာနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့လို့ အခြားတိရစ္ဆာန်အမျိုးမျိုး၊ သက်ရှိသတ္တဝါအားလုံးထက် အဆပေါင်းများစွာ ကွာခြားဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လူသားတို့အနေဖြင့် ပညာသင်ကြားခြင်းက လူ့သမိုင်းကို အရှိန်အဟုန်နဲ့ ပြောင်းလဲမြင့်မားစေခဲ့ပြီ၊ ဆက်လက်ပြီး ပိုမိုမြန်ဆန်တဲ့ ပြောင်းလဲမှုတွေကို ယခု ၂၁ ရာစုထဲမှာပင် မိမိတို့မြင်တွေ့ကြဦးမှာလည်း သေချာပါကြောင်း၊ လူတွေက သုတေသနနဲ့ ပညာသဘော၊ အကျိုးအကြောင်း၊ ဆက်နွယ်မှုတွေများစွာကို ယခင်က မသိသေးတာ၊ ဖုံးကွယ်နေတာတွေကို ထုတ်ဖော်သိမြင် နားလည်တတ်ကျွမ်းလာကြတာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် Youth club အဖွဲ့ဝင် မောင်ဝဏ္ဏထက်သာက “လမ်းမှန်သိမြင်” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူတွေမှာ ဆင်ခြင်တုံတရားကင်းမဲ့နေကြ၍ မရပါ၊ ဉာဏ်ပညာ၊ အသိတရား၊ စာနာမှု၊ နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ ရိုးသားမှန်ကန်မှု ရှိကြရမှာဖြစ်ကြောင်း၊ လူငယ်များ အတတ်ပညာကို ဆည်းပူးလေ့လာကြရန်အတွက် ယုံကြည်မှု၊ ကျန်းမာရေး၊ ရိုးသားမှု၊ လုံ့လဝီရိယနှင့် ဉာဏ်ပညာရှိကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မကြယ်စင်သက်က “ကံကောင်းခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကံတရားဆိုတာနဲ့ ကံကောင်းခြင်းဆိုတာက မတူပါကြောင်း၊ ကံတရားဟာ ကံကောင်းခြင်းမဟုတ်ပါကြောင်း၊ ကံတရားဟာ အခိုက်အတန့်သာဖြစ်ကြောင်း၊ ကံကောင်းခြင်းဆိုတာကတော့ ကိုယ်ကိုယ်တိုင်ဖန်တီးရခြင်းဖြစ်ကြောင်း၊ မိမိနဲ့သက်ဆိုင်လို့ ကိုယ်ပိုင်ဆိုင်တယ်လို့လည်း ဆိုနိုင်ကြောင်း စသည့်စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြဘုတ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်၊၊
စည်သူလင်း (ပြန်/ဆက်)