တွံတေး ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အိုးဘိုသုသာန်၌ သိသူ မသိသူ၊ လူမျိုးတူ မတူ၊ ဘာသာတူ မတူ၊ ဆွေမျိုးတော် မတော် ကုသိုလ်ရှင်များ၏ ကောင်းမှုအစုစုတို့ကို ကုသိုလ်အမျှပေးဝေမှုအား မျှော်လင့်စောင့်စားနေကြသော ဒုဂ္ဂတိဘုံသားတို့အား ကုသိုလ်အမျှရရှိပါစေခြင်းအကျိုးငှာ တွံတေးမြို့ လောကမှန်ကူကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဓမ္မရက္ခိတ၏ သြဝါဒကိုခံယူ၍ မဇ္ဇျီမလူမှုကူညီရေးအသင်း (တွံတေး)နှင့် အလှူရှင်များကဦးဆောင်ကာ (၁၃)ကြိမ်မြောက် အကျွတ်အလွတ် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲ၊ဆွမ်းကပ်ပွဲနှင့် ပရိတ်တရားတော်နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပွဲနှင့် အကျွတ်အလွတ်တရားပွဲများအား ယမန်နေ့နံနက် ၅ နာရီ မိနစ် ၃၀ အချိန်က အိုးဘိုသုသာန်ရှိ မီးသင်္ဂြိုလ်စက်တန်ဆောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျွတ်အလွတ် သံဃာ့ဒါန ဆွမ်းကပ်လှူဒါန်းပွဲနှင့် ရေစက်သွန်းချပွဲတွင် သံဃာ၊ သီလရှင်အပါး (၃၀၀) ကျော်အား အာရုံဆွမ်းလောင်းလှူပြီး ပင့်သံဃာ(၅)ပါးအား အများကောင်းမှုဆွမ်းကပ်ခြင်းနှင့် အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူကြပြီးနောက် လူမျိုးတူမတူ ဘာသာတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ကုသိုလ်ရှင်များ၏ ကောင်းမှုအစုစုတို့ဖြင့် ကုသိုလ်အမျှပေးဝေမှုတို့ကို မျှော်လင့်စောင့်စားနေကြသော ဒုဂ္ဂတိဘုံသားတို့အား ရည်စူး၍ ကုသိုလ်အမျှပေးဝေခဲ့ကြသည်။
အဆိုပါ သံဃာ့ဒါန ဆွမ်းကပ်ပွဲနှင့် တရားနာ ရေစက်သွန်းချအမျှပေးဝေပွဲသို့ မဇ္ဇျီမလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများ၊ အသင်းသားများနှင့် အလှူရှင်များက တရားတော်နာပြီး ကုသိုလ်အမျှပေးဝေမှုကို မျှော်လင့်စောင့်စားနေကြသော ဒုဂ္ဂတိဘုံသားတို့ကို အမျှပေးဝေးခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင် တွံတေး