ထန်းတပင် ဧပြီ ၂၀
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်အထက် မွန်တိုင်းရင်းသားသက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ခေတ္တယာယီ) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ အသက် (၈၀) နှစ်အထက် မွန်တိုင်းရင်းသားသက်ကြီးဘိုးဘွားများအား သြကာသကန်တော့ချိုး ဖြင့်ကန်တော့ခဲ့ကြပြီး သက်ကြီးဘိုးဘွားများကိုယ်စား နိုင်ဖိုးအောင်က မွန်တိုင်းရင်းသား ကလေးငယ်များကို ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နိုင်မြင့်သိန်းက အသက် (၈၀) နှစ်အထက် မွန်တိုင်းရင်းသားသက်ကြီးဘိုးဘွားများအား ကန်တော့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသက် (၈၀) နှစ်အထက် မွန်တိုင်းရင်းသားသက်ကြီးဘိုးဘွား (၁၄) ဦးတို့ကို မွန်တိုင်းရင်းသားကလေးငယ်များက ကန်တော့အလှူငွေများဖြင့် ကန်တော့ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်