စဉ့်ကိုင် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာစေပြီး အရည်အသွေးရှိသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ပေါက်လာစေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၀ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ် ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်္ဂလိပ်စာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာချယ်ရီဦးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ/ဆရာမများက မူလတန်းပြ သင်တန်းသား ဆရာ/ဆရာမ ၁၀၀ ဦးအား စာတွေ့လက်တွေ့ပို့ချလျက်ရှိကြောင်း သိရပြီး သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၂ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျောက်ဆည်တက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာ လဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိမ်းညို့ညို့ကို၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာချယ်ရီဦး၊ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)