ညောင်ဦး ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိဿာ ၂၅၀၀ ကျပ်ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လျော်တော၊ နဂါးလည်၊ စီးမ၊ ဆည်ကျေးရွာများသည် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြောင်း၊ ထိုင်ဝမ်ပိန္နဲမျိုး ပင်များအား ပြင်ဦးလွင် မြို့သို့ သွားရောက်ဝယ်ယူခဲ့ကြပြီး ပျိုးပင်တစ်ပင် တစ်သောင်းကျပ်မှ နှစ်သောင်းငါးထောင်ကျပ်ထိ ပေးဝယ်ပြီး စိုက်ပျိုးကြကြောင်း၊ တစ်ပင်နှင့်တစ်ပင် (၁၂)ပေခြား စိုက်ပျိုးရပြီး၊ မစိုက်ပျိုးမီ တစ်ပေခွဲပတ်လည်တူးကာ မြေဆီမြေဆွေးထည့်ပြီး ဆယ်ငါးရက်ခန့် ရေလောင်းနှပ်ထားရကြောင်း လဲဂွကျေးရွာ ထိုင်ဝမ်ပိန္နဲစွန့် ဦးစိုက်ပျိုးသူ ဦးသောင်းတင်ကရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲပင်များ စတင်စိုက်ပျိုးပြီး တစ်နှစ် ခွဲခန့်အကြာတွင် စတင်အပွင့်ပွင့် အသီးသီးသော်လည်း အသီးများမတင်ပဲ နှစ်နှစ်ခွဲသား အပင်မှသာ အသီးစတင်အသီးတင်ကြောင်း သိရသည်။
ထိုင်ဝမ်ပိန္နဲပင်များ အရွယ်ရောက်လာသည့်အခါ ပိန္နဲပင်တစ်လျှင် ပိန္နဲသီးအနည်းဆုံး သုံးလုံးမှ အလုံးလေးဆယ်ထိသီးကြောင်း၊ ပိန္နဲသီးတစ်လုံး လေးပိဿာမှ ဆယ်လေး ပိဿာထိရှိကြောင်း၊ ပိန္နဲသီးရောင်းချရာတွင် တစ်လုံးခြင်းမရောင်းချပဲ တစ်လုံးပိဿာချိန် အရှိအတိုင်း ရောင်းချ ကြောင်းသိရသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် တစ်နှစ်ပတ်လုံး အပွင့်ပွင့်အသီးသီးကြောင်း၊ ပိန္နဲသီးရင့်မရင့် ခူးဆွတ်ချိန် အညှာအား ဓားထစ်ကြည့်ရကြောင်း ပိန္နဲအစေးကျဲလျှင် ရင့်မှည့်ကာ အစေးပျစ်လျှင် မရင့်သေးကြောင်း၊ ထိုင်ဝမ်ပိန္နဲစိုက်တောင်သူများက ရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် အိမ်မာသီးများဖြစ်ခြင်းကြောင့် စားသုံးသူများ အင်တန်ကြိုက်ကြပြီး ပိန္နဲသီးပေါ်ချိန် စိုက်ခင်းအထိပိန္နဲသီးပွဲစားများ လာရောက်ဝယ်ကြကြောင်း၊ ထွက်ရှိလာသည့် ပိန္နဲသီးများအားလုံး အပြင်မရောင်းချရပဲ ပိန္နဲသီးပွဲစားများ စိုက်ခင်းထိလာရောက်ဝယ်ယူခြင်းကြောင့် ခရီးစရိတ် သက်သာခြင်း၊ မြို့ပေါ်ဖောက်သယ်မရှာရခြင်းများကလည်း ထိုင်ဝမ်ပိန္နဲစိုက်ပျိုး တောင်သူများအတွက် အခွင့်အရေး တစ်ရပ်လည်းဖြစ်ကာ ပိန္နဲသီးတစ်ပိဿာ ၂၅၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ ပိန္နဲသီးပေါ်ချိန်ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း သိရသည်။
ဒီပါလင်း