ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော် ကျင်းပ

ကျိုင်းတုံ ဧပြီ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကို ယမန်နေ့က အမေ့ရင်ခွင်တော်တွင် ကျင်းပသည်။

ဦးစွာ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ကြက်ဥနီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး အာခါတိုင်းရင်းသားရိုးရာ အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ကြသည်။ ထို့နောက် ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများက ကြက်ဥနီပွဲတော်အထိမ်းအမှတ် ညစာမိတ်ဆုံစားပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကြက်ဥနီပွဲတော်သည် သင်္ကြန်ကာလမှာ သက်ကြီးရွယ်အိုတွေကို စုပေါင်းကန်တော့ကြတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး အာခါတိုင်းရင်းသား ရိုးရာပွဲတော် ၁၂ မျိုးတွင် ခါးထောင်းပွဲတော်၊ ဒန်းစီးပွဲတော်နဲ့ ကြက်ဥနီပွဲတော်များသည် ထင်ရှားတဲ့ပွဲတော်တွေဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)