မြစ်ကြီးနား ဧပြီ ၁၉
ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိရာ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြစ်ကြီးနားမြို့ပေါ် ပြည်နယ်လျှပ်စစ်နှင့် ဆက်စပ်ကုမ္ပဏီအဖွဲ့အစည်းများ၏ ရုံး၊ ဌာနများတွင် ပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများအားသွင်းနိုင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးနေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်၊ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးအတွင်း မီးစက်ဖြင့် လျှပ်စစ်မီးပလပ်ပေါက်များထားရှိပြီး ဝန်ဆောင်မှုပေးလျက်ရှိရာ EV ဆိုင်ငယ်နှင့် စက်ဘီးများ၊ ဖုန်းများ၊ Power Bank များ၊ လျှပ်စစ်မီးသီးနှင့် မီးလုံးများလာရောက်အားသွင်းလျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အားသွင်းနိုင်ကြောင်းနှင့် အများပြည်သူသုံးစွဲလာနိုင်သည့် လိုအပ်ချက်အလိုက် မီးပလပ်ခုံများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ မီးစက်ဝန်းအတွင်း အလားတူပြည်သူများ နေ့စဉ်အသုံးပြုသည့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်သွင်းပြီး အသုံးပြုသောလျှပ်စစ်ပစ္စည်းများ လာရောက်အားသွင်းနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအနေဖြင့် ပြည်သူများလျှပ်စစ်မီးရရှိမှု အခက်အခဲလျော့နည်းသက်သာစေရေး မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်၊ မြို့များရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ ခွဲရုံများနှင့် Franchise ကုမ္ပဏီများ ရုံး/ဌာနများ စုစုပေါင်း(၂၁)နေရာတွင် လျှပ်စစ်ဓာတ်အားသွင်းခြင်း ဝန်ဆောင်မှုအား နေ့စဉ် မနက်နှင့် ညနေ အချိန်ပိုင်းအလိုက် မီးစက်များဖြင့် လျှပ်စစ်မီးရယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အရေးကြီးနေရာများဖြစ်သည့် ဆေးရုံ၊ ဘဏ် စသည့်နေရာများတွင် ဌာနပိုင်မီးစက်များဖြင့် မီးပေးနိုင်ရေး စီမံထားရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)