မြစ်ကြီးနား ဧပြီ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိကလျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရက်သတ္တပတ်နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီးနှင့် ရေအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁၈ ရက် ညနေ ၅ နာရီကလည်း မြစ်ကြီးနားမြို့ပေါ်၌ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်မီးအားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူများ ပြန်လည်အားသွင်းအသုံးပြုနိုင်သော လျှပ်စစ်ဆိုင်ရာပစ္စည်းများ အားသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ရန်ကြီးအောင်ရပ်ကွက်၊ မီးစက်ဝင်းအတွင်း လျှပ်စစ်ဌာနမှ ပြည်သူများ၏ နေ့စဉ် လျှပ်စစ်မီးဖြင့် အသုံးပြုသည့် EV ဆိုင်ကယ်၊ ဖုန်း၊ Power Bank များ၊ အားသွင်း မီးသီး/မီးလုံးများ အားဖြည့်သွင်းနိုင်ရေး ပလပ်ခုံများပြုလုပ်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့သစ်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် အရေးပေါ်မီးပျက်တိုင်ကြားရန် ဌာန၌ ရပ်ကွက်နေပြည်သူများ လျှပ်စစ်မီးအားသွင်းသုံးစွဲနိုင်ရေး မီးစက်ဖြင့် အားသွင်းပလပ်ခုံများပြုလုပ်၍ ဝန်ဆောင်မှုပေးနေမှုကိုလည်းကောင်း၊ အလားတူ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်း၌လည်း ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ ဝန်ဆောင်မှုရယူ၍ လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများဖြစ်သည့် မြေမြင့်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ အောင်နန်းရပ်ကွက်တို့သို့ သွားရောက်ပြီး အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအတွင်း မီးစက်များ အသုံးပြု၍ လျှပ်စစ်အားသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူများ လျှပ်စစ်မီးအခက်အခဲနှင့် သောက်သုံးရေ/ ချိုးရေ အခက်အခဲမဖြစ်ပေါ်စေရေး စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လျှပ်စစ်ဌာနနှင့် ဆက်စပ်ကုမ္ပဏီများကလည်း ၎င်းတို့နှင့်သက်ဆိုင်သည့် ရုံး၊ ဌာနများတွင် လျှပ်စစ်မီးရရှိရေး အချိန်ပိုင်းအလိုက် နေ့စဉ်ဆောင်ရွက်ပေးနေသကဲ့သို့ သောက်သုံးရေ၊ ချိုးရေအတွက် လိုအပ်ချက်ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ရေသယ်ယာဉ်များဖြင့် လိုက်လံဖြန့်ဝေပေးသွားရန် ဆောင်ရွက်ထားရှိမှုများအခြေအနေများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ကြီးကြပ်ကွပ်ကဲရေးရုံးသို့ ဆက်သွယ်တောင်းဆိုနိုင်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများနေ့စဉ် မဖြစ်မနေအသုံးပြုရန်လိုသည့် EV ဆိုင်ကယ်နှင့် စက်ဘီးများ၊ ဖုန်း၊ အားသွင်းမီးသီး၊ Power Bank များအပါအဝင် အားသွင်းပြီး ပြန်လည်အသုံးပြုနိုင်သည့် လျှပ်စစ်ပစ္စည်းများအား ယခုလို ရပ်ကွက်အလိုက် စီစဉ်ဆောင်ရွက်ပေးနေမှုများကို အားရကျေနပ်ဖွယ်ပင်ဖြစ်ပြီး မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မီးစက်ဖြင့် ယခုလိုဆောင်ရွက်ပေးနေခြင်းအပေါ် စက်သုံးဆီလိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ထားရှိကြောင်းနှင့် သီးခြားလိုအပ်ချက်နှင့် အခက်အခဲများပေါ်ပေါက်ပါက အမြန်ဆုံးတင်ပြကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအတွက် ၈ ပေ×၄ပေ ဆိုလာပြားနှင့် 1800W ရှိ Power Station တစ်စုံစီဖြင့် စုစုပေါင်း ၁၈ စုံထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်မီးပေးခြင်းလုပ်ငန်းအား ပြည်သူများသုံးစွဲမှုအလိုက် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)