ညောင်ဦး ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ နှစ်ဦးကုသိုလ်ပြုလုပ်သူများ၊ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်းနှင့်အဖွဲ့ဝင်များသည် ဗူးဘုရားရင်ပြင်တော်ပေါ် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆီမီး၊ ဆွမ်း၊ ပန်းကပ်လှူခြင်း၊ စာချ၊ စာသင်တိုက်ကြီးများတွင် ဆွမ်းဆန်၊ ပဲဝါနှင့် ပဲဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်း ဦးဆောင်သောအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များသည် နှစ်ဦးကုသိုလ်အဖြစ် အေဒီ ၁၁ ရာစု၊ ပျူစောထီးမင်းတည်ထားကိုးကွယ်ခဲ့သည့် ဗူးဘုရားစေတီတော် ရင်ပြင်တော်ပေါ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အရုဏ်ခံတန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ရောင်တော်ဖွင့်ခြင်း၊ ဗူးဘုရားစေတီတော်အား ဆီမီး၊ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ကျန်စစ်သားဥမင်စာသင်တိုက်ကြီးအတွက် ဆွမ်းဆန်အိတ် (၇) အိတ်၊ ပဲဝါ (၁) အိတ်၊ ပဲဆီ (၁၀) ပိဿာ၊ လောကနန္ဒာစာသင်တိုက်ကြီးအတွက် ဆွမ်းဆန် (၇) အိတ်၊ ပဲဝါ (၂) အိတ်နှင့် ပဲဆီသန့် (၁၀) ပိဿာနှင့် သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်အတွက် ဆွမ်းဆန် (၇) အိတ်၊ ပဲဝါ (၁) အိတ်နှင့် ပဲဆီသန့် (၁၀) ပိဿာတို့အား နှစ်ဦးကုသိုလ်အဖြစ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း