နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်နေမှုကြည့်ရှု၊ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ လှူဒါန်း

တပ်ကုန်း ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်ကြောင့် ပျက်စီးခဲ့သော ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက အလျား ၁၅၂ ပေ၊ ၆ လက်မ၊ အနံ ၆၈ ပေ၊ နှစ်ထပ်ဗိမာန်တော် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ တည်ဆောက်ပြီးစီးသည့်လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က တည်ဆောက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှု ဦးဇော်မိုးလွင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ မြဝတီရပ်ကွက်၊ မီးဘေးသင့်နေအိမ်နှစ်အိမ်မှ အိမ်ထောင်စုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီးနောက် ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်၊ ပစ္စည်း ၁၆ မျိုးပါပုံးနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်