ညောင်ဦး ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုကျေးရွာများမှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဖီးကြမ်းငှက်ပျောထွက်သလောက် ရောင်းချနေရခြင်းကြောင့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးသည့် ငှက်ပျောခြံစိုက်တောင်သူများပြားလာကြောင်း လက်ပံခြေပေါ်ကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ ဦးအောင်ဌေးထံက သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု၊ ကျေးရွာများသည် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက်မြစ်ရေတင်ဖြင့်လည်းကောင်း၊ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့် လည်းကောင်းစိုက်ပျိုးကြကာ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကြပြီး ဖီးကြမ်းငှက်ပျောခုတ်ချိန် (ပေါ်ချိန်) ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။ လက်ပံခြေပေါ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ငှက်ပျောစတင်ပေါ်ကာ ခုတ်သိမ်းရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်လုံးဈေးသည်လည်း ငှက်ပျောဖီးအရေအတွက်အပေါ်မူတည်ကာ ဈေးသတ်မှတ်ရောင်းချကြောင်း သိရပြီး ငှက်ပျောတစ်ဖီး ၂၀၀၀ ကျပ်ဖြင့်ရောင်းကြပြီး၊ ငှက်ပျောခိုင်တစ်ခိုင် ရှစ်ဖီးပါပါက ၁၆၀၀ကျပ် သတ်မှတ်ရောင်းချကာ ၁၀ ဖီးခိုင်တစ်ခိုင် ၂၀၀၀၀ ကျပ် သတ်မှတ်ရောင်းချပြီး ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောမှန်သမျှ ဈေးနှုန်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။ ငှက်ပျောသီးနှံ စိုက်ပျိုးခြင်းသည် အလုပ်များနေ၍ ပြစ်ထားလျှင်ပင်မသေဘဲ၊ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများက ပြောပြကာ ဖီးကြမ်းငှက်ပျောသီးနှံ တစ်ဧကလျှင် တစ်နှစ်အတွင်း သိန်းနှစ်ရာကျော် ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင် သားတက်ယူကာ ငှက်ပျောခြံအား ပြုပြင်စိုက်ပျိုးကြောင်း သိရပြီး ငှက်ပျောခြံထိ ငှက်ပျောပွဲစားများ လာရောက်ဝယ်ယူခြင်းနှင့်ကားလမ်းမကြီး ဘေးချရောင်းခြင်း ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူမြို့ ငှက်ပျောပွဲစားများလာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့ဘက်က လက်ပံခြေပေါ်ငှက်ပျော စိုက်တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်းလည်း ငှက်ပျောစိုက်တောင်သူများကရှင်းပြ၍ သိရသည်။
ဒီပါလင်း