တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ကျင်းပသည့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

တောင်ကြီး ဧပြီ  ၁၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူး၍ ၇ ရက်တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဧပြီ  ၁၉ နံနက် (၆)နာရီခွဲက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ ဓမ္မာရုံ၌ကျင်းပသည်။

အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။ ဆက်လက်၍ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်တိလောက ကပဋ္ဌာန်းအောင်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာ တော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တောင်ကြီးမြို့ အောင်ဗောဓိမြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိဿရက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)