တာချီလိတ်မြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ၊ ဆိုင်းဘုတ်များနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီး

တာချီလိတ် ဧပြီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဧပြီ ၁၈ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ၊ ဆိုင်းဘုတ်များနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးကာ လျှပ်စစ်ဓာတ်အားလိုင်များ ယာယီပြတ်တောက်ခဲ့သည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုန်းညက်လမ်းနှင့် ရှမ်းရိုးမကွင်းရှေ့၊ ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံမီးပွိုင့်လမ်းဆုံနှင့် ပါလျံ (၁)လမ်းမကြီး၊ ပါဆတ်ရပ်ကွက်၊ အ.ထ.က (ဟောင်လိတ်)ကျောင်းဝင်း၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်၊ မယ်ခေါင်ရပ်ကွက်၊ ဆည်မြောင်းရုံးဝင်းအတွင်း၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ရွာတို့တွင် စာသင်ကျောင်း၊ လူနေအိမ်အချို့တွင် ခြံစည်းရိုး၊ အုတ်တံတိုင်း၊ ဆိုင်းဘုတ်အချို့ ပြိုကျပျက်စီးခြင်း၊ ဓာတ်ကြိုးများပေါ် သစ်ပင်၊ သစ်ကိုင်းများလဲကျကာ လျှပ်စစ်ဓါတ်ကြိုးများ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီးများယာယီပြတ်တောက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်ပြီး သစ်ပင်လဲကျလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်သည့်နေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးငြှိမ်းထက်အောင်တို့ဦးစီး၍ အုပ်ချုပ်မှုယာဉ်တစ်စီး ကယ်ဆယ်ရေးယာဉ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မီးလင်းရေးဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)