ကျောက်ဆည် ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း ၄၄၂၀၆ ဧက လျာထား စိုက်ပျိုးလျက်ရှိရာ အရှေ့သပြေကုန်းကျေးရွာ၌ စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် နွေနှမ်းသီးနှံများစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းရေး ဦးစွာ ထယ်ရေးကောင်းမွန်စွာပြုပြင်၍ တန်းဆွဲစနစ်ဖြင့်စိုက်ပျိုးကြောင်း၊ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးခြင်းသည် အပင်သားခွဲရာတွင်လည်းကောင်း၊ ပေါင်းမြက်များရှင်းလင်းရာတွင်လည်းကောင်း၊ လွယ်ကူပြီး ရေလိုအပ်သည့်အခါတွင်လည်း လိုအပ်သလို ထိန်းညှိသွင်းနိုင်သောကြောင့် အပင်ဖြစ်ထွန်းမှုကောင်းပြီး အထွက်နှုန်းသေချာမှုရှိကြောင်း တောင်သူဦးမြင့်အောင်က ပြောပြသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြကြောင်းနှင့် နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးခြင်းနည်းပညာများ စနစ်တကျကူညီပံ့ပိုး လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)