မိုးကောင်း ဧပြီ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ဖြူစင်မေတ္တာသွေးကမ္ဘာ အသင်းသူ/သား နှုတ်ဆက်ပွဲနှင့် ဒေဝပရဟိတဖောင်ဒေးရှင်းဖွင့်ပွဲကို ဒေဝကျောင်းတိုက်၌ ဧပြီ(၁၈)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။
ဒေဝပရဟိတဖောင်ဒေးရှင်းဆိုင်းဘုတ်အား မြို့နယ် သံဃာ့နာယက ဥက္ကဌဆရာတော်ဘုရား၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ဒေါက်တာစိုင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
အသင်းသူအသင်းသားနှုတ်ဆက်ပွဲအစီအစဉ်တွင် သွေးလှူရှင်အသင်းဩဝါဒစရိယဖြစ်တော်မူသော ဒေဝဆရာတော်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အသင်းတည်ထောင်သူ ဦးဇော်လှိုင်၊ အသင်းဥက္ကဌဟောင်း ဦးစောမျိုးထိုက်၊ လက်ရှိ ဥက္ကဌ တာဝန်ထမ်းဆောင်နေသူ ဦးရန်ကျော်တို့က နှုတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဒေဝပရဟိတဖောင်ဒေးရှင်းဖွင့်ပွဲဆက်လက်ကျင်းပရာ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ဘုရားမှ ဩဝါဒမိန့်ကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အကြံပြုစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီးက ဖောင်ဒေးရှင်းဆိုင်ရာများကိုလည်းကောင်း၊ ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းမှ သွေးနှင့်ပတ်သက်၍လည်းကောင်း ပြောကြားပြီး ဖြူစင်မေတ္တာသွေးကမ္ဘာအသင်းမှ ဒေဝပရဟိတဖောင်ဒေးရှင်းသို့ စာရင်းဇယားနှင့် ဘဏ္ဍာငွေများ လွှဲပြောင်းပေးအပ်သည်။ ဒေဝပရဟိတဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များသည် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် သွေးနှင့်အောက်စီဂျင်လုပ်ငန်းများ အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)