မြစ်ကြီးနား ဧပြီ ၁၈
ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဧပြီ ၁၈ ရက်နေ့ကစတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်ကာလအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ ပြည်သူများအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ည ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ လူဦးရေထူထပ်ပြီး ရပ်ကွက်ဧရိယာကျယ်ဝန်းသည့် စီတာပူရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့သွားရောက်ခဲ့ကြပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပွင့်လင်းရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံပြုပြင်ထိန်းသိမ်းရမည်ဖြစ်သဖြင့် ရက်သတ္တနှစ်ပတ်ခန့် လျှပ်စစ်မီးပြတ်တောက်မည့်အခြေအနေတွင် ပြည်သူများအတွက် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်ဆိုင်ကယ်၊ ဖုန်း၊ အားသွင်းမီးသီး၊ ပါဝါဘဏ်များအပါအဝင်အားသွင်းပြီး ပြန်လည်အသုံးပြုနိုင်သည့် လျှပ်စစ်ပစ္စည်းများအား ရပ်ကွက်အလိုက် နေ့စဉ်မီးစက်များဖြင့် တစ်ရက်လျှင်နှစ်ကြိမ် ဓာတ်အားပေးနိုင်ရေး စက်သုံးဆီလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ထို့အတူ လျှပ်စစ်မီးအပြင် သောက်သုံးရေ၊ ချိုးရေ အခက်အခဲဖြစ်ပေါ်မှုမရှိစေရေးကိုလည်း စည်ပင်ရေပေးဝေရေးစနစ်အပြင် နေ့စဉ်အခက်အခဲဖြစ်ပေါ်သည့် ရပ်ကွက်များအတွက် စည်ပင်နှင့် မီးသတ်ဦးစီးဌာနမှ ရေကားများဖြင့် အရောက်ပို့ဝန်ဆောင်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပြည်သူများလျှပ်စစ်မီးနှင့် ရေအခက်အခဲ တစ်စုံတရာပေါ်ပေါက်ပါက ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ကြီးကြပ်ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိပြီး ဆက်သွယ်တောင်းဆိုနိုင်သည့် အခြေအနေများနှင့် ပြည်နယ် အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် လျှပ်စစ်မီးပြတ်တောက်မည့် နှစ်ပတ်တာကာလအတွင်း ပြည်သူများ အခက်အခဲလျော့နည်းစေရေး အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ မီးရရှိရေးတို့ကို တစ်ပြိုင်တည်း စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များအနေဖြင့်လည်း အလေးအနက်ထား ပူးပေါင်းပါဝင်ကြရန်လိုအပ်ပြီး ပြည်နယ်အစိုးရ အဖွဲ့က ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ပြည်သူများအား အသိပေးချပြရှင်းလင်း၍ လျှပ်စစ်အားသွင်းခြင်း ဝန်ဆောင်မှုအပြင် ရေအခက်အခဲရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်သွားကြရန်နှင့် ထို့အပြင် သက်ဆိုင်ရာရပ်ကွက်အလိုက် ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေးအဖွဲ့များနှင့်လည်း ချိတ်ဆက်ပေါင်းစပ်၍ မီးစက်များဖြင့် ဝန်ဆောင်မှုပေးနိုင်အောင် စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများက စီမံဆောင်ရွက်ရန် နည်းလမ်းများအပေါ် လိုအပ်ချက်များတင်ပြမှုကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သဖြင့် အဆိုပါ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်ကာလအတွင်း မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်တို့အတွင်းရှိ ပြည်သူများ အခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် နည်းလမ်းများနှင့် လုပ်ငန်းစီမံချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံအား လာမည့် ဧပြီ ၁၈ ရက်နေ့မှစ၍ ရက်သတ္တ (၂) ပတ်ကြာခန့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်တွင် ပြည်သူများ ရေ၊ မီး အခက်အခဲဖြစ်ပေါ်မှု အလျော့နည်းနိုင်ဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းစီမံချက်များကို တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများက လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်အတွင်း ရုံးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ရေး စက်သုံးဆီများ ဖြည့်ဆည်းပေးမည့် အစီအစဉ်များ၊ ပြည်သူများအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်တင်းနိုင်သော လျှပ်စစ်ဆိုင်ရာပစ္စည်းများ အားသွင်းအသုံးပြုနိုင်ရေး အချိန်ပိုင်းအလိုက် မီးစက်များဖြင့် မီးပေးဆောင်ရွက်သွားမည့် အသေးစိတ်အစီအစဉ်များ၊ ရေလုံလောက်မှုရှိစေရေးအတွက် ဖြန့်ဝေပေးသွားမည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်တွင် ပြည်သူများအတွက် အတတ်နိုင်ဆုံးနှင့် လုံခြုံမှုရှိအောင် စီမံဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများအပြင် မီးစက်များရှိသည့် ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်၍ အားသွင်းဝန်ဆောင်မှုပေးနိုင်သည့် နေရာများတိုးချဲ့ဆောင်ရွက်ကြရေးနှင့် လိုအပ်သည့် စက်သုံးဆီ၊ အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)