ထန်းတပင်(ရန်ကုန်) ဧပြီ ၁၈
(၃၈) ဖြာ မင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တို့ပူးပေါင်းဖွင့်လှစ်သည့် (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်းကို ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းက ဆားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြသည်။
ဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး ဓမ္မဧရာဝတီကျောင်းတိုက်၏ ဦးစီးပဓာနနာယက ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်းသူများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းရီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဒုတိယဥက္ကဋ္ဌ ဦးဇော်သိန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး အတွင်းရေးမှူး ဦးရန်လင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းရီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား YMBA (ဗဟို) မှ ထုတ်ဝေသည့် (၃၈) ဖြာ မင်္ဂလာစာအုပ်များနှင့် သင်ထောက်ကူပြုပစ္စည်းများကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းရီက သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးမွေးနိုင်ရန်အတွက် အလှူငွေကျပ်တစ်သိန်းကို ကျေးရွာတာဝန်ရှိသူများထံသို့ပေးအပ်လှူဒါန်းခဲ့သည်။
နွေရာသီယဥ်ကျေးလိမ္မာသင်တန်းများဖြစ်သည့် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ (KG) အဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၊ (၃၈) ဖြာ မင်္ဂလာနှင့်ဗုဒ္ဓဝင် ပြည်သူ့နီတိအခြေခံပထမအဆင့် သင်တန်းသို့ကျောင်းသား၊ ကျောင်းသူ (၅၇) ဦး နွေရာသီယဥ်ကျေးလိမ္မာသင်တန်းသို့ စုစုပေါင်း (၇၇) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို ဧပြီလ (၁၈) ရက်နေ့မှ ဧပြီလ (၂၈) ရက်နေ့အထိ နေ့စဥ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)