တာမွေ ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကျင်းပသော မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တာမွေမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များမှ မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်ရန်အသွယ်သွယ်အပေါင်း ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး မြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်နှင့်အထက် အဘိုးအဘွားများအား ရှိခိုးကန်တော့ခဲ့ကြသည်။
ယင်းနောက် ကန်တော့ခံအဘိုးအဘွားများက ဆုတောင်းစကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်နှင့်အထက် အဘိုး (၅) ဦးနှင့် အဘွား (၁၀) ဦး၊ စုစုပေါင်း အဘိုးအဘွား (၁၅) ဦးတို့အား ကန်တော့ခံပစ္စည်းများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းဝင်များ၊ ကန်တော့ခံအဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)