မော်လမြိုင် ဧပြီ ၁၈
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများသည် ဧပြီ ၁၇ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် သထုံငါးလုပ်ငန်းစခန်းမှထုတ်သောနှစ်လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁ဝဝဝ၀ဝ)ကောင်၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်ငါးသားပေါက် ကောင်ရေ(၃၀ဝ၀ဝ၀)အား ဇီဝိတဒါနအဖြစ် သံလွင်မြစ်အတွင်းသို့ စုပေါင်း၍ ကုသိုလ်ယူလွှတ်ပေးခဲ့ကြသည်။
ဆက်လက်၍ သက်ကြီးပူဇော်ပွဲအခမ်းအနားကို သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ပြီး ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား အာဟာရဒါနကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နှစ်စဉ်ပြုလုပ်နေကြ အစဉ်အလာကောင်းဖြစ်သည့် သက်ကြီးဘိုးဘွားများကို ပူဇော်ကန်တော့ခွင့်ရခြင်းသည် တစ်နှစ်တာ၏အစတွင် အမွန်မြတ်ဆုံးသော ကုသိုလ်များနှင့် နှစ်သစ်ကို အစပြုလိုက်ခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်ကြည်နူးမိပါကြောင်း၊ “ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြတ်သောမင်္ဂလာမည်၏" ဆိုသည့် မြတ်စွာဘုရားရှင်၏ ဒေသနာတော်နှင့်အညီ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဘိုးဘွားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး သက်တမ်းရာကျော် ရှည်ပါစေကြောင်း ဂါရဝပြုဆုမွန်ကောင်း စကားပြောကြားသည်။
ထို့နောက် ဘိုးဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့်ကန်တော့ခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်တို့က ဘိုးဘွားတစ်ဦးချင်းစီအတွက် အလှူငွေနှင့် ဂါရဝလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကန်တော့ခံဘိုးဘွား(၁၁၅)ဦးအတွက် တစ်ဦးလျှင်(၁)သိန်းနှုန်းဖြင့် ငွေကျပ် (၁၁၅)သိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဘိုးဘွား (၁၀၀)အတွက် တစ်ဦးလျှင်(၁)သောင်းနှုန်းဖြင့် ငွေကျပ် (၁၀)သိန်း၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ မျက်နှာသုတ်ပုဝါ လှူဒါန်းငွေကျပ်တန်ဖိုး ၆သိန်း၃သောင်းကျပ်၊ စုစုပေါင်းယနေ့ လှူဒါန်းငွေကျပ် (၁၃၁၃၀၀၀)ကျပ်တို့ကို လှူဒါန်းခဲ့သည်။
ဆက်လက်၍ မော်လမြိုင် မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် (၄၁)ကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက် သာသနာမာန်အောင် ဝဲပျံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ နန္ဒဝံသ အရှင်သူမြတ်ထံ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)