ချမ်းအေးသာစံ ဧပြီ ၁၈
ဧပြီ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကာ သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
ဦးစွာ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြကာ လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲစတင်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်မိသားစုများက ဆွမ်းဆန်များ၊ လှူဖွယ်ပစ္စည်းများ၊ ဆေးဝါးများနှင့် ဝတ္ထုငွေများကို သံဃာတော် ၁၀၈ ပါးအား လောင်းလှူခဲ့ကြသည်။
ဆက်လက်ပြီး ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးကြင်းနှင့် ငါးသားပေါက် အကောင်ရေစုစုပေါင်း ၂,၅၀၀ အား ကျုံးရေပြင်ထဲသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)