မြောက်ဥက္ကလာပ ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီးတွင် နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်ဇနီးဒေါ်ဇင်မာအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့၀င်များ၊ စေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ အရှင်သူမြတ်များထံ ပရိတ်ရေနှင့် ပရိတ်ပန်းများအား တာ၀န်ရှိသူများက ဆက်ကပ်ပြီး ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်များ တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်တာ၀န်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှုအစုစုအတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ ဇလွန်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှ ရေစက်ချတရားနားကြား၍ လှူဒါန်းမှုအစုစုတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ ပင့်ဖိတ်ဆရာတော် အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းကမ္မဝါစာက ရွတ်ပွားသရဇ္ဇျာယ်ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြာင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)