ရန်ကုန် ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၁၃၈၈ ရက်နေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ တိုင်းဒေသ ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ရွတ်ပွားသရဇ္ဈာယ်အပ်သော မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ နေနတ်သား စာသင်တိုက်၊ ဒုတိယဥက္ကဋ္ဌ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသုစိတ္တ ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ်ချီးမြှင့်တော်မူကြပြီး “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် အဓိဌာန်ပြု ဆုတောင်းခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)