ပေါင် ဧပြီ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကန်သာယာရပ်ကွက်နေ ဦးကိုဦး(ဘ)ဦးဖောင်တိန် နေအိမ်မှ ဧပြီလ (၁၆) ရက်နေ့ ည (၁၁)နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုဦးဆောင်သော မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် (၄) စီး၊ ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် (၁) နာရီ (၁၀) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးချက်များအရ နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ပြီး အနီးရှိသစ်သားနံရံသို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် အလျား ၂၀ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး/ ပျဉ်ခင်း/ ပျဉ်ထောင်အိမ်(၉)လုံးနှင့် အလျား ၂၀ ပေ အနံ ၁၅ ပေရှိ အုတ်ညှပ်တိုက်(၂)လုံး စုစုပေါင်း အိမ်ခြေ(၁၁)လုံး ဆုံးရှုံးခဲ့ပါကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိပါကြောင်းနှင့် မီးအားပေါ့လျော့စွာသုံးစွဲ၍ မီးလောင်မှုဖြစ်ပွားစေခဲ့သူ ဦးကိုဦး(ဘ)ဦး ဖောင်တိန်အား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)