လားရှိုး ဧပြီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဦးဆောင်မှုဖြင့် ပြည်နယ်ခွဲအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၁၀ နာရီက ဆင်းရွှေလီဘိုးဘွားရိပ်သာ၌ ကျင်းပသည်။
အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့သည်။ ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့်စွက်စာများနှင့် ပူဇော်ကန်တော့ငွေများအား သက်ကြီးဘိုးဘွားများလက်ဝယ်သို့ ပူဇော်ကန်တော့ခဲ့ပြီး တက်ရောက်လာသည့် သက်ကြီးဘိုးဘွားများကိုယ်စား သက်ကြီးဘိုးဘွားတစ်ဦးက ဆုတောင်းမေတ္တာပေးဝေသည်။
ထို့အပြင် ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံးကြီးမှ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)