ကလော ဧပြီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ကလောမြို့ မောမြေဦးပန်းခြံ၌ ဧပြီ ၁၆ ရက် ညနေ ၄ နာရီကမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ(ပိတ်ပွဲ)စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဦးစွာ ကလောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးခြင်းနှင့်ပတ်သက်၍ နှစ်သစ်ကူးအကြို နှုတ်ခွန်း ဆက်စကားပြောကြားသည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်နှင့်ပညာရေးဌာနမှ ယိမ်းအဖွဲ့များက "သင်္ကြန်မိုး" သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တက်ရောက်လာသူများက ယိမ်းအဖွဲ့များအား သင်္ကြန်ရေများပက်ဖျန်းခဲ့ကြသည်။ ထို့နောက် ညပိုင်းတွင် သင်္ကြန်ယိမ်းအဖွဲ့၁၆ဖွဲ့နှင့် အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(ကလော)