ခိုလမ်မြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ခိုလမ် ဧပြီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်း အနားကို ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စု၊ တုန်ဟုန်းရေကန်၌ ဧပြီ (၁၇) ရက်နံနက် (၈) နာရီက ကျင်းပသည်။

ဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခေတ္တတိုင်းမှူး၊ ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့်ဇနီးတို့က ဦးဆောင်၍ ရွှေဝါ ငါးကြင်း စုစုပေါင်း ငါးအကောင်ရေ ၁၀၀၀၀ ကို တုန်ဟုန်းရေကန်အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးသည်။

ဆက်လက်၍ ခေတ္တတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်   ကျောင်းထိုင် ဆရာတော် ဦးပညာသီရိ အမှူးပြုသော သံဃာတော်များအားဖူးမြော်ကာ ငါးပါးသီလနှင့် ပရိတ်တရားတော်များ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ခိုလမ်မြို့ရှိ အသက် (၇၅)နှစ် အထက် သက်ကြီးဘိုးဘွား ၁၃၄ ဦးတို့အား ပူဇော်ကန်တော့ကြကာ သက်ကြီး ဘိုးဘွားများအတွက် အာဟာရပြည့် စားသောက်ဖွယ်ရာများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သက်ကြီး ဘိုးဘွားများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး  သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် အဘိုး အဘွားများအားနေ့လယ်စာ တည်ခင်းဧည့်ခံသည်

ဆက်လက်၍ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့ရွာ၊ ရုံးများ ဘေးဥပါဒ် အန္တရာယ် အပေါင်းကင်းဝေးစေရန် ဆရာတော်သံဃာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)